မွေးဖွားချိန် နာရီမိနစ်၏ အရေးပါပုံကို ဆက်စပ်တင်ပြလိုပါသဖြင့် ဤပိုစ့်ကို ရေးသားပါသည်။
ရင်းနှီးလှသော (ဤဘလော့လေး၏ ကျေးဇူးရှင်တစ်ဦးလည်းဖြစ်သော) အစ်ကိုတစ်ယောက်က မွေးဖွားချိန်နေ့ရက်နာရီဒေသ အစုံအလင်ဖြင့် အမျိုးသမီးတစ်ယောက်၏ ဇာတာတစ်စောင်ဖွဲ့ယူ တွက်ချက်စေခဲ့ပါသည်။ ဇာတာကို
မူအရ ဂြိုဟ်အားဘာဝအားဖြင့် ချိန်ထိုးကာ ထိုအမျိုးသမီး၏ ရုပ်ရည်ရူပကာ မချောမောနိုင်ပါကြောင်း စတင်အဖြေထုတ်ခဲ့ပါသည်။ အစ်ကိုက လက်မခံနိုင်ဖြစ်ကာ ဓာတ်ပုံတောင်ပြလိုက်ဦးမည်ဟု ငြင်းဆန်ပါတော့သည်။ ဆက်ဟောရခက်ကာ ခေါင်းရှုပ်နေမိတော့သည်။ မိနစ်အနည်းငယ်ကြာမှပင် မွေးဖွားချိန်မှာ မိနစ်၂၀ ခန့် အမှတ်မှားကာ စောပြောခဲ့ပါကြောင်း သိရပါတော့သည်။ ထိုမွေးချိန်အသစ်မှပင် ရုပ်ရည်ချောမောသူဖြစ်ကြောင်း ကျွန်တော်ဘ၀င်ကျပါတော့သည်။ ထိုအဖြစ်အပျက်ကို နက္ခတ်ဗေဒင်အမြင်အားဖြင့် မိနစ် ၂၀ မျှသာ ကွာခြားသော ထိုဇာတာ ၂ စောင်ကို ယှဉ်တွဲဖေါ်ပြပါမည်။
(မိနစ် ၂၀ စောတွက်ထားသော) ပထမဇာတာ
ဆန်းစစ်ချက် (၁) ရာသီစက်နှင့် ဘာဝစက်
အဆိုးကိုရှာမည်ဆိုပါက အတန့်ဆိုး (တြိဂေါဏ)သခင်များကိုရှာရန်လိုမည်ဖြစ်သည်။ ၆တန့်သည် ကန်ရာသီဖြစ်ကာ တြိဂေါဏသခင်အားဖြင့် ဗုဒ္ဓဟူးဖြစ်သည်။ ၈ တန့်သည် ဗြိစ္ဆာရာသီဖြစ်ကာ တြိဂေါဏသခင်မရှိပေ။ ရာသီတိုင်းအတွက် ရှိနေမြဲဖြစ်သော ကသစ်အိမ်ရှင်သည်တည်သည်။ ၁၂ တန့်သည် မိန်ရာသီဖြစ်ကာ တြိဂေါဏသခင်မရှိပေ ကသစ်သာရှိသည်။
ထို့ကြောင့် မိဿလဂ်အတွက် ဆိုးကျိုးပေးမည့် ၆တန့် သခန် ဗုဒ္ဓဟူးကို ထုတ်နှုတ်ရပြီဖြစ်သည်။
ဆန်းစစ်ချက် (၂) ဂြိုဟ်အသီးသီး၏ တည်ရာ (ရာသီ၊အင်သာ၊လိတ္တာ၊၀ိလိတ္တာ)
အထက်တွင် ထုတ်ယူရရှိခဲ့သော ဗုဒ္ဓဟူးအပြင် လူတို့၏ အပြစ်အကျိုးများကို ပြင်းထန်စွာ ချယ်လှယ်တတ်သော သဘာဝရှိသည့် ရာဟုနှင့် ကိတ်တို့ကိုပါ ဆင်ခြင်သော်
-ဗုဒ္ဓဟူးသည် ၁၉ အင်သာ၌တည်ကာ လဂ် (၁၉ အင်သာ) နှင့် ထပ်တူနီးပါးကျလျှက်ရှိသည်။
-ရာဟု နှင့် ကိတ်တို့သည် ၁၆ အင်သာ၌ တည်ကာ လဂ် (၁၉ အင်သာ) နှင့် ၅ အင်သာ(ဒီဂရီ)အတွင်း ချဉ်းကပ်လျှက်ရှိသည်။
ထို အချက်တို့ကြောင့် ဇာတာရှင်၏ ဘ၀ကဏ္ဍ ၁၂ မျိုးဖြစ်သော အတန့် ၁၂ မျိုးတို့တွင် သက်ဆိုင်သော အတန့်တို့၌ ဗုဒ္ဓဟူး၊ ရာဟု နှင့် ကိတ်တို့သည် ဖျက်ဆီးမည်ဟု ကောက်ချက်ချနိုင်ပြီဖြစ်သည်။
ဆန်းစစ်ချက် (၃) ရာသီစက် ဘ၀စက်တို့မှ ညွှန်းဆိုသော ဂြိုဟ်အားများ
ဂြိုဟ်အားလုံးမှာ ပျမ်းမျှအင်အား မရှိခြင်း၊ အားရှိပါကလည်း အနှုတ်အားများဖြစ်နေတော့သည်။ ဇာတာတစ်စောင်၏ အသက်တမျှအရေးကြီးသော အောင်မြင်မှုသဘာဝ တနင်္ဂနွေနှင့် အေးချမ်းမှု သဘာဝ တနင်္လာတို့သည် အနှုတ်အားများဖြစ်နေကာ အဆိုးအားအကြီးဆုံးအဖြစ် စနေသည် ဇာတာရှင်၏ သည်းခံနိုင်စွမ်းတို့ကိုပါ ချေဖျက်နေဦးမည်ဖြစ်သည်။ အထက်ပါ ဂြိုဟ်တို့ သဘာဝတို့သည် အမြစ်သဖွယ်ပုံဆောင် ဖွင့်ဆိုကာ ဂြိုဟ်တို့ ရပ်တည်ရာ အတန့်အလိုက် ခွဲဝေတာဝန်ယူရသော ဘာဝ ၁၂ ပါးတို့သည် အညွှန့်သဖွယ် ဖွင့်ဆိုကြသေးသည်။
ဆန်းစစ်ချက် (၄) ဘာဝ ၁၂ ပါး အင်အားများ
H1 မှသည် H12 တိုင် အိမ်(ဘာဝအတန့်) ၁၂ ပါးတို့၏ ဗဟိုချက်တို့ကို ၆ တန့်သခင်၊ ရာဟုနှင့် ကိတ်ဂြိုဟ်တို့ နီးကပ်စွာ ဖျက်ဆီးကြပုံကို အထက်ပါအတိုင်း အားပေါင်းရရှိပါသည်။
ဇာတာရှင်သည် အမျိုးသမီးဖြစ်ပါက ခြုံငုံသုံးသပ်မှုတွင် အောင်မြင်မှု၊ ပြည့်စုံမှု စသည်တို့အပြင် ရုပ်ရည်ရူပကာသည် အရေးကြီးလှသည်။ ရုပ်ရည်တွင် ၁ တန့်သည် ဇာတာရှင်၏ ကိုယ်၊သဏ္ဍန်ကို ပြဆိုသော်လည်း အများအလယ် တင့်တယ်မှုတွင် ၉ တန့်ခေါ် သုဘဘာဝသည် ပိုမို အရေးကြီးသည်ဟု ယူဆပါသည်။ ၁ တန့်အားကောင်းခြင်းသည် လှပပြေပြစ်ခြင်းပေးသည် ဆိုသော်လည်း ၉ တန့်မကောင်းက ရုပ်ရည်သည် ဆွဲဆောင်မှုရှိနေသော်လည်း လူမရိုသေစရာ ကလက်တတ်တတ်ဖြစ်နေမည်ဖြစ်သည်။ မိန်းမဟူသည် ရုပ်ရည်မလှပစေကာမူ ကျက်သရေ(သုဘတင့်တယ်ခြင်း)နှင့်ပြည့်စုံက မြင်သူနှစ်လိုသော ရုပ်သွင်နှင့် ယဉ်ကျေးနေမည်ဖြစ်သည်။ ၉ တန့်ကောင်းမွန်ကာ ၁ တန့်ဆိုးနေပါကလည်း ကျက်သရေတော့ ရှိပါ၏ အောင်မြင်မှုဘ၀ကား နုံချာလှသည်ဟု ဖြစ်ဦးတော့မည်။ အထက်ပါမွေးချိန်အရ ဖြစ်တည်သော အားတို့မှာ ဆိုးရွားလွန်းပါ၍ အပစ်ပင် ထပ်မဟောချင် မဝေဖန်ချင်တော့ပါ။
(မိနစ် ၂၀ အမှားကို ပြင်ထားသော ဇာတာမှန်) ဒုတိယဇာတာ
ဆန်းစစ်ချက် (၁) ရာသီစက်နှင့် ဘာဝစက်
ပထမဇာတာ၏ ရာသီစက်နှင့် ထပ်တူကျစွာ တူညီပါသည်။ ဘာဝစက်တွင် သောကြာဂြိုဟ်တစ်လုံးသာ ကွဲပြားသည်။ ရာသီရပ်ရာ သဘာဝနှင့် ဘာဝစက်ကိုသာ စက်ကိုသာ စစ်ဆေးပါက ပထမဇာတာနှင့် ဒုတိယဇာတာတို့ မခြားနားကြပေ။ များစွာ ခြားနားသွားမှုကို MOTAA သင်တန်းမူက အောက်ပါအတိုင်း ပြဆိုပါတော့သည်။
ပထမဇာတာတွင် ပြဆိုသကဲ့သို့ ဗုဒ္ဓဟူးသည် ၆ တန့်သခင်ဖြစ်ကာ ဖျက်စီးဦးမည်ဖြစ်သည်။ ဖျက်ဆီးမှုအားသည်သာ ကွဲပြားမည်ဖြစ်သည်။
ဆန်းစစ်ချက် (၂) ဂြိုဟ်အသီးသီး၏ တည်ရာ (ရာသီ၊အင်သာ၊လိတ္တာ၊၀ိလိတ္တာ)
ဗုဒ္ဓဟူးသာမက ရာဟု ကိတ်တို့သည်လည်း ဖျက်စီးကြမည်ဖြစ်သည်။
သို့ရာတွင် လဂ်အံသာသည် ၂၅ ဖြစ်သွားသည်။ လဂ်ထက် အသွားနှေးသော ရာဟု၊ ကိတ်နှင့် ဗုဒ္ဓဟူးတို့မှာ ပထမဇာတာကဲ့သို့ ကျန်ရစ်သည်။
-ဖျက်စီးမည့် ဗုဒ္ဓဟူးသည် ၁၉ အင်သာတည်ကာ လဂ်အံသာ ၂၅ နှင့် ၅ အင်သာမက ကွာဝေးသွားပြီဖြစ်သည်။
-ဖျက်စီးမည့် ရာဟုနှင့်ကိတ်တို့သည် ၁၆ အင်သာဖြစ်ကာ လဂ်အံသာ ၂၅ နှင့် ၅ အင်သာမက ကွာဝေးသွားပြီဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓဟူး ရာဟု နှင့် ကိတ်တို့ရန်မှ သက်သာရပြီဖြစ်သည်။
(အဘယ်ကြောင့် လဂ်အင်သာနှင့် ယှဉ်ထိုးနေရပါမူ ရာသီ ၁၂ ခုအတွင်း လဂ်အင်သာအတိုင်း အတန့် ၁၂ ခု အလယ်မှတ်များ တည်နေသောကြောင့်ဖြစ်သည်။ အတန့်အလယ်အံသာများကို လဂ်အံသာအတိုင်း MOTAA မူအရ မှတ်ယူထားသည်။)
ဆန်းစစ်ချက် (၃) ရာသီစက် ဘ၀စက်တို့မှ ညွှန်းဆိုသော ဂြိုဟ်အားများ
ဂြိုဟ်အားလုံး၏ ပျမ်းမျှ(မူလ)အားများများ အားကောင်းစွာဖြင့် အပေါင်းဘက်၌ တည်နေပြီဖြစ်သည်။ စနေသည် ရာဟုကိတ်နှစ်ခုလုံး မြင်ခံရသဖြင့် ဂြိုဟ်ဆိုးလွှမ်းမိုးမှုရှိနေသည်။ ကြာသာပတေးမှာ ၆တန့်သခင် ဗုဒ္ဓဟူးမှ ဖျက်ထားသောအားကြောင့် အနှုတ်လွှမ်းခြင်းဖြစ်သည်။ ရာဟု ကိတ်တို့အတွက် အနှုတ်အားလွှမ်းမိုးမှုသည် အပြန်အလှန်မြင်သော ဂြိုဟ် ၂ လုံးဖြစ်သဖြင့် ဇာတာတိုင်းအတွက် ပါမြဲ အနှုတ်အားတို့သာဖြစ်သည်။ သို့တစေ မူလ(ပျမ်းမျှ)အားတို့သည် အားကောင်းမွန်လှသည်သာဖြစ်၏။
ဆန်းစစ်ချက် (၄) ဘာဝ ၁၂ ပါး အင်အားများ
ဗုဒ္ဓဟူး နှင့် ရာဟုကိတ်တို့ ဘာဝအလယ်များနှင့် ဝေးကွာသွားသဖြင့် ဆိုးအား 0% ဖြစ်သွားပြီဖြစ်သည်။
ကျက်သရေ မင်္ဂလာ သုဘအားဖြင့် မူလအား ၂၅၀% ရှိနေကာ အားအကူပါ ထပ်ဆောင်းထားသဖြင့် ၄၅၀% မျှ အားရရှိနေသော အထက်ပါဇာတာရှင်အမျိုးသမီးသည် ရုပ်ရည်ရူပကာအားဖြင့် ပြေပြစ်ကာ ၉ တန့်၏ အခြားပရိယာယ်ဖြစ်သော မိသားစု၏ ဂုဏ်ကျက်သရေပိုင်းအရလည်းကောင်း၊ မိသားစုတွင်းအေးချမ်းမှု ၄ တန့်အားအရလည်းကောင်း၊ အများက ချစ်ခင်မှု လာဘ်လာဘ ၁၁ တန့်ဘာဝအရလည်းကောင်း၊ စရိုက်အားဖြင့် ၁ တန့်သဘာဝတို့သည်လည်းကောင်း ပြည့်စုံကာ အဆင့်အတန်းရှိသော လူတစ်ဦးကို ညွှန်းဆိုလျှက်ရှိသည်။
အထက်အားများအရ ဇာတာရှင်အား မမြင်ဖူးသော်လည်း ရုပ်ဆိုးမည်ဟု မပြောလည်း မပြောရဲ၊ မထင်လည်း မထင်မိပါကြောင်း ကျေးဇူးရှင် အစ်ကိုတော်အား ဂြိုဟ်ဘာဝများနှင့် အတူ ယှဉ်တွဲတင်ပြလိုက်ရပါသည်ခင်ဗျား။
အထက်ပါ ဇာတာ ၂ စောင်သည် တစ်ရက်တည်း တစ်နေရာတည်းတွင် မိနစ် ၂၀ သာ ကွာခြား ဖွဲ့ဆိုထားခြင်းဖြစ်ပါသည်။ အထက်ပါ ဇာတာ ၂ စောင်သည် လူ ၂ ယောက်သာဖြစ်ပါက ...
မိနစ် ၂၀ ခြားကာ မွေးဖွားသော အမွှာ ညီမ ၂ ယောက်အတွက် နက္ခတ်ဗေဒင်သည် မည်မျှ ကွဲပြားစွာ ဖွင့်ဆိုမည်နည်းဟူသော အချက်သည် သတိပြုဖွယ်ဖြစ်ပါသည်။ ဂြိုဟ်အား ဘာဝအားဂရပ်ဖ်တို့သည် တစ်သက်တာကို ဖွင့်ဆိုလျှက်ရှိကာ၊ ဇာတာရှင်၏ လက်ခံသိမှတ်နိုင်စွမ်းကိုလည်း ပြဆိုလျှက်ရှိသေးသည်။
ဥပမာအားဖြင့် အထက်ပါ ဇာတာ ၂ မျိုးတွင် ၁ မျိုးသည် မိသားစု ၀န်းကျင်၏ အေးချမ်းမှုကို မခံစားရ၍ အခြား ၁ မျိုးသည် မိသားစုတွင် အေးချမ်းမှုကို ခံစားရပါသည်ဆိုလျှင် တစ်မိတည်းပေါက် မောင်နှမများသည် မိသားစုအပေါ်မြင်ပုံ မိမိအိမ်တွင်း မိမိပိုင်မိသားစုချင်း တည်ဆောက်ကြပုံများ ကွဲပြားကြမည်ကို သတိပြုနိုင်ပြီဖြစ်သည်။ မိနစ် ၂၀ သာ ခြားမွေးဖွားသော အမွှာမွေးချင်း ဖြစ်စေတော့ တစ်ဦးသည် မိဘရင်ခွင်ကို ခြေစုံကန်ကာ၊ တစ်ဦးသည် မိဘရင်ခွင်အောက် တစ်သက်တာ နွေးထွေးနိုင်ဦးမည်ဖြစ်သည်။
အကယ်၍ မွေးချိန် နာရီမိနစ်မသိသူ တစ်ဦး ကျွန်ုပ်ထံ ဗေဒင်လာမေးပါက အဘယ်သို့ ဟောရပါအံ့နည်း။
နက္ခတ်ဗေဒင်သည် လောကကောင်းကျိုး သယ်ပိုးနိုင်ပါစေသတည်း။
သင်ဆရာ မြင်ဆရာအားလုံးကို ဦးညွှတ်လျှက်
ကိုပခန်း